Tuesday, April 1, 2008

သင်္ကြန်ကျရင်..ရေပက်မယ်၊ သူငယ်ချင်းတို့ရော ဘာလုပ်မလဲ..

အစထဲက သင်္ကြန်အတွက်ပိုစ်တစ်ခုလောက်တင်မယ်လို့စဉ်းစားနေတုန်း မမယ်လိုဒီမောင်က tag တာနဲ့အတော်ပဲဖြစ်သွားတယ်။ ကိုယ့်ဘာသာကို ဆိုရင်အပျင်းထူပြီးရေးဖြစ်ချင်မှရေးဖြစ်မှာ :) ။ သူမျုားတွေကတော့သင်္ကြန်ဆိုရင်ပျော်ကြတယ်။ မန်းလေးသူကလည်း မန်းလေးသင်္ကြန် ကိုသတိရ ၊ ရန်ကုန်ကသူတွေက ရန်ကုန်သင်္ကြန်ကိုပဲ တမ်းတကြ ၊ ရခိုင်ကသူတွေကြတော့ ရခိုင်သင်္ကြန်ကိုပိုပျော်ကြတယ်တဲ့။ ကျမကတော့သင်္ကြန်ဆိုတာ ပျော်စရာမှဟုတ်ရဲ့လားလို့ (ကိုယ့်အတွက်ပြောတာပါ) ။ လူမှန်းသိတတ်ကတည်းက ၊ သင်္ကြန်ဆိုတာကိုခံစားတတ်ကတည်းက သင်္ကြန်မှာ မပျော်ခဲ့ရပါဘူး ။ ငယ်ငယ်တုန်းကတော့ သင်္ကြန်ကျရင်ရေပက်တာ ပဲသိတယ်။

ကျမတို့တောင်ကြီးမြို့မှာ ကသင်္ကြန်ဆိုရင် အိမ်တိုင်း ၊ မိသားစုတိုင်း ဘုန်းကြီးကျောင်းတက်ကြတဲ့ အစဉ်အလာရှိတယ်။ အဝေးကိုရောက်နေတဲ့မိသားစုဝင်တွေကလည်း သင်္ကြန်မှာခွင့်ရက်လေးရတုန်း ပြန်ကြတယ်ဆိုတာ ဆွေမျိုးတွေစုံစုံလင်လင်နဲ့ ဘုရားသွားကျောင်းတက်လုပ်ချင်ကြတာ အဓိကပါ။ ကျမတို့တွေလည်း သင်္ကြန်ရက်တွေဆိုရင်ရှိသမျှ ဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းတွေ စုပြီးဘုန်းကြီးကျောင်းတက်ကြတယ်။ ပြန်လာရင်အဖိုးရဲ့ခြံဝင်းကျယ် ကြီးထဲမှာစုပြီးထမင်း ၊ ဟင်းတွေ ချက်စားကြ ၊ မုန့်တွေလုပ်စားကြနဲ့ပေါ့လေ။ မောင်နှမ၀မ်းကွဲတွေလဲစုံစုံလင်လင်နဲ့ ဆော့ကစားကြတာပျော်စရာကောင်းပါတယ်။ သို့သော်လည်း သူများပျော်လို့မပျော်နိုင်တာကတော့ ကျမတစ်ယောက်ပဲရှိမယ်ထင်ပါတယ်။ (ရည်းစားပျောက်လို့မှိုင်တာတော့ဟုတ်ဘူးနော်) သူများကစားသလို မကစားရလို့မှိုင်တာပါ။ ကျမတို့အိမ်မှာက ဆိုင်ဖွင့်ထားတော့ ဆိုင်စောင့်ရတယ်လေ။ မောင်လေးကလည်းကျန်းမာရေးမကောင်းတော့ သူများတွေ ဆော့ကစားနေတဲ့အချိန်မှာ ကျမကတော့ ကလေးထိန်းဆိုင်စောင့်နေရတယ်လေ။ ကစားရလဲခဏပါပဲ ။ နည်းနည်း ကြာပြီဆိုတာနဲ့မေမေကအော်ခေါ် တော့တာပဲ။ ရေကစားတာလဲပျော်စရာမကောင်းပါဘူး ။ ကိုယ့်အိမ်ရှေ့ကိုယ်ပက်ရတာဆိုတော့ စည်မှမစည်တာ။ ရေပက်ခံမယ့်လူလာမယ့်အရေး ရေခွက်လေးတစ်လုံးကိုင်ပြီး စောင့်ရတာအကြာကြီးပဲ။ လူမလာလို့ ကိုယ့်အချင်းချင်းပြန်ပက်တော့လဲ ရေကုန်တယ်ဆိုပြီး လူကြီးတွေက ဆူသေးတယ်။ အဲဒါကလေးဘ၀က သင်္ကြန်ပေါ့။

နည်းနည်းကြီးလာတော့သူငယ်ချင်းတွေနဲ့လည်ချင်တာပေါ့။ ဒါပေမဲ့လည်း အိမ်ကပေးမလည်ပါဘူး။ ဆိုင်ကယ်နဲ့ဆိုရင်လည်း အန္တရာယ်ကြီးလို့ ၊ လမ်းလျှောက်လည်ရင်လည်း အိနြေ္ဒပျက်လို့ ဆိုပြီးမလည်ရပါဘူး ။ ကားနဲ့ဆိုရင်တော့ အိမ်ကလူကြီးတစ်ယောက်ယောက်ပါမှ တစ်ခါတစ်ရံ ပေးလည်ပါတယ်။ အဲဒါကြောင့် သင်္ကြန်ဆိုရင်မပျော်ပါဘူး ။ ဒီလိုနဲ့ နောက်ပိုင်းသင်္ကြန်ဆိုရင်တရားစခန်းဝင်ဖြစ်တာပဲ များပါတယ်။ တောင်ကြီး သင်္ကြန်ကလွဲလို့တခြားမှာလည်းသင်္ကြန်မကျ ဖူးပါဘူး။

ဒါပေမယ့်အရင်နှစ်ကတော့ရန်ကုန်မှာသင်္ကြန်ကျပါတယ်။ အရင်နှစ်သင်္ကြန်ကတော့ကြုံခဲ့ရဖူးတဲ့တောင်ကြီး သင်္ကြန်တွေထက်တောင်ပိုပျင်းစရာ ကောင်းနေပါပေါ့ ။ ပြောရင်ယုံပါ့မလားမသိဘူး ။ မနှစ်ကသင်္ကြန်လေးရက်ကြုံတာ ၃ရက်က အခန်းထဲမှာ ငုတ်တုတ် ၊ ၁ရက်ကရုံးမှာအလှုရှိလို့ရုံးသွား နဲ့သင်္ကြန်ပြီးသွားပါတယ်။ ၃ရက်က အခန်းထဲမှာ ငုတ်တုတ် ဘာလို့ဖြစ်နေရလဲဆိုတော့ မနှစ်က ရန်ကုန်ကိုရောက်စပဲရှိသေးတော့ သူငယ်ချင်းမှသိပ် မရှိတာ။ ရှိတဲ့တစ်ယောက်နှစ်ယောက်ကိုလည်း ဘဲဘဲနဲ့လည်မယ်ဆိုပြီး cancel ထားတယ်။ တကယ်တမ်းသင်္ကြန်လည်းရောက်ခါနီးရော သူ.ရဲ့ ညီတစ်ယောက်ကလေဖြတ်သွားလို့ အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့အတွက် သင်္ကြန်မလည်နိုင်တော့ပါဘူး ။ သင်္ကြန်ဆိုတော့တစ်ယောက်တည်းလဲ အပြင်မထွက်ချင်၊ ဘယ်သူ့နဲ့မှလည်းအဆက်အသွယ်မရ၊ နယ်ပြန်ဖို့လည်းအချိန်မမှီ နဲ့တစ်ယောက်တည်းအခန်းထဲမှာငိုတောင်ငိုမိတယ်။

သင်္ကြန်မှာစိတ်ညစ်စရာတွေပဲပြောနေလို့ သူငယ်ချင်းတို့ရော စိတ်ညစ်နေကြပြီလားမသိပါဘူး ။ စိတ်မညစ်ကြပါနဲ့ ။ စိတ်ညစ်စရာတွေ ပြီးရင်ပျော်စရာ လေးတွေလာတော့မည်လေ ။ တစ်ကယ်ပြောတာနော်။ ဒီနှစ်သင်္ကြန်အတွက် plan တွေအပြည့်စဉ်းစားထားတယ်။ 12 ရက်နေ့ ( အကြိုနေ့) မှာရုံးတက်ရမယ် ။ 13,14 မှာရန်ကုန်သင်္ကြန်လည်မယ်၊ ရေပက်မယ် ။ 15,16 ထဲကတစ်ရက်ရက် (လက်မှတ်ရတဲ့ရက်ကိုနယ်ပြန်မယ်) ၊ တောင်ကြီးရောက်လို့မှ သင်္ကြန်နဲ့ကြုံနေသေးရင် တောင်ကြီးသင်္ကြန်ဆက်လည်မယ် ။ 17 ကျရင်ဘုန်းကြီးကျောင်းတက်မယ်။ 19 ကျရင်ရန်ကုန်ပြန်လာမယ် ။ 20 မှာရန်ကုန် ပြန်ရောက်ပြီးရုံးတက်ရမယ်လေ။ အဆင်ပြေရင် ကြားထဲမှာ မမယ်လိုဒီပြောသလို ဘလော့ဂါတွေစုပြီးတစ်ရက် လည်လို့ရသေးတယ်လေ။ ပျော်စရာကောင်းဘူးလားဝေ့။ စဉ်းစားထားတာတော့ ချောနေတာပဲ ။ နယ်ပြန်ဖို့လက်မှတ်တော့ရသေးဘူးဗျ။ သင်္ကြန်ပြီးမှ သင်္ကြန်အကြောင်း ပိုစ့်အသစ်ထပ်တင်မယ်လေ။ ပျော်စရာကောင်းမှာပါ ။

အခုတော့သင်္ကြန်အကြိုရေလောင်းချင်တာ မီးပျက်နေလို့ရေတင်လို့မရလို့ပါဗျို့။ see you နော်။ :)

No comments: