Monday, March 3, 2008

ကျမနှင့်အင်တာဗျူးများ (၂)

ပထမတုန်းကပြောခဲ့သလိုပဲ စာစီစာကုံးပြိုင်ပွဲမှာ ဆုရရှိပြီးတဲ့နောက်မှာ ကျမရဲ့လေးလေး (ဒေါ်လေးရဲ့အမျိုးသား) က ဆုအဖြစ် ကွန်ပါဗူး လေးတစ်ဗူး ၀ယ်ပေးပါတယ်။ အဲဒီကွန်ပါဗူးကကျောင်းကပေးတဲ့ဆုထက် ပိုကောင်းတာတော့မှတ်မှတ်ရရပဲ ။ဖေဖေ နဲ့ မေမေကအိမ်ရောက်တော့ ငါ့သမီးကိုအင်တာဗျူးလုပ်ပေးဦးမှ ဆိုပြီး လူစုပါတယ်။ လူစုတယ်ဆိုတာက အိမ်မှာရှိတဲ့ မောင်နှမ ၀မ်းကွဲတွေ၊ ဦးလေး ၊ အဒေါ်တွေ ၊ အဖိုးလည်း ပါတယ်။ အားလုံးစုပြီး မေးတာပါ။ ခဲတံတစ်ချောင်းလဲပါသေးတယ် ။ မိုက်ခွက်လုပ်တာလေ။

မေး - အဟမ်း..အဟမ်း ၊အခုလိုဆုရတဲ့အတွက်ဘယ်လိုခံစားရပါသလဲ။

ဖြေ - အရမ်းပျော်ပါတယ်ရှင်။

မေး - နောက်ပြီးတော့ရော

ဖြေ - ကြေးအိုးကအရမ်းစားလို့ကောင်းတာပဲ၊

မေး - နောက်နှစ်တွေရောဝင်ပြိုင်ဦးမှာလား

ဖြေ - ဒီထက်လှတဲ့ကွန်ပါဗူး ၀ယ်ပေးမှာလား

မေး - မ၀ယ်ပေးဘူးဆိုရင်ရော

ဖြေ - ဟင်

မေး - မ၀ယ်ပေးရင်မပြိုင်တော့ဘူးလား

ဖြေ - အင်.. ပြိုင်မှာပါ ... ဟင်း

မေး - ဟားဟား...၀ယ်ပေးမှာပေါ့သမီးရဲ့ ၊ ဒါပေမဲ့ ပထမဆုရမှဝယ်ပေး မှာနော်။ ဒုတိယတို.တတိယတို.ဆိုရင် နိုးပဲ ။

ဖြေ - ဟုတ်ကဲ့ပါ

ဒီလိုနဲ့ကျမလည်းစာစီစာကုံးပြိုင်ပွဲဆိုရင်နှစ်တိုင်း ၊ အထိမ်းအမှတ် နေ့တိုင်း ၀င်ပြိုင်ဖြစ်ခဲ့တာ (၁၀) တန်းအထိပါပဲ။ ပြိုင်ပွဲတိုင်းလိုလို ဆုရခဲ့ပါတယ်။ ပထမဆု ပဲအမြဲတော့မရဘူးပေါ့။

အင်တာဗျူး (၂)

ဒုတိယအနေနဲ့ကြုံရတဲ့ အင်တာဗျူးကတော့ (၆) တန်းမှာပါ။ ကျပန်းစကားပြောပြိုင်ပွဲ ပြိုင်ဖို့ခေါ်တာပါ။ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပါ။ အမှန်တော့ကျမက ငယ်ငယ်လေးကတည်းက စကားပြောနည်းသူဖြစ်လို့ကျပန်းစကားပြောပွဲ ၀င်ပြိုင်ဖို့ ဆိုတာလုံးဝမဖြစ်နိုင်တာ ပါ။ ဒါပေမဲ့ပြိုင်ပွဲ ရှိတယ်ဆိုတော့ ဆရာမကခေါ်ပါလေရော ...

မေး - သမီးကျပန်းစကား ပြောပြိုင်ပွဲဝင်ပြိုင်ပါလား

ဖြေ - မပြိုင်ချင်ဘူးဆရာမ

မေး - ဘာဖြစ်လို့လဲသမီးရဲ့

ဖြေ - သမီးစင်ပေါ်တက်ပြီးမပြောရဲလို့

မေး- ဘာလို့မပြောရဲတာလဲ

ဖြေ - ကြောက်လို့

မေး - ဘာကြောက်စရာရှိလို့လဲ သမီးရဲ့ ၊ ဘယ်သူမှ သမီးကို ကိုက်မစားပါဘူး ။ ပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲတွေလဲ သမီးဝင်ပြိုင်ဖူးတာပဲ။ သမီးသိပြီးသားအကြောင်းတွေကို ပြောလိုက်ရုံပဲ။

ဖြေ - ဆရာမကလည်း ဒါတော့သိတာပေါ့ ။ ရေးဖြေတာနဲ့ အပြင်မှာထွက် ပြောရ တာနဲ့ တူမှမတူတာကို ( စိတ်ထဲကပြောနေတာ ၊ တကယ်တော့ မပြောရဲပါဘူး )

မေး - အတွေ.အကြုံလည်းရတာပေါ့ ၊ ပြိုင်မယ်မဟုတ်လား

ဖြေ - ဟုတ် . ( ဖြစ်ချင်ရာဖြစ်ကွာ ၊ ဆုမရလဲဘာ အရေးလဲ)

ဆရာမပေးလိုက်တဲ့ခေါင်းစဉ်တွေကလည်း (၁၆) ခုတောင် ၊ ဘယ်လိုလုပ်ရပါ့။ အိမ်ရောက်တော့မေမေ့ကိုပြတော့ မေမေက ပြောတယ် ။ ခေါင်းစဉ် (၁၆) ခုအတွက် (၁၆) မျိုးရေးစရာမလိုပါဘူး ဆိုပြီး စာမျက်နှာ (၇) မျက်နှာလောက် ရေးကူတယ်။ အဲဒါကိုအလွတ် ကျက်ပြီး စကားပြောတဲ့ပုံစံအတိုင်း လေ့ကျင့်ရတယ် ။ သီချင်းဆိုလည်း လေ့ကျင့်ရသေးတယ် ။ သီချင်းဆိုရမယ့်ခေါင်းစဉ်တစ်ခုလည်း ပါတာကိုး။

ပြိုင်ပွဲနေ့ကျတော့ စင်နောက်ကနေ ချောင်းကြည့်လိုက်တာ လူတွေမှအများကြီးပဲ ။ ကျောင်းသားတွေရော၊ မိဘတွေရော ပဲ ။အိမ်က မိဘတွေလည်းပါတယ်။

ကိုယ်ပြောရမဲ့အလှည့်လဲရောက်ရော ကြောက်လို့ အသံတွေတောင်တုန် တယ်။ သီချင်းမဆိုရလို့တော်သေးတာပေါ့။ (၁၅) မိနစ်စာကျက်ထား တာတွေက (၅)မိနစ်လောက်ပြောပြီးတာနဲ့ဘာပြောရမှန်းမသိတော့ဘူး။ အဲဒါနဲ့မြန်မြန်နိဂုံးချုပ်ပြီး ဆင်းလာလိုက်ရော။

ဒါပေမဲ့ ကံကောင်းထောက်မစွာနှင့် တတိယဆုရလိုက်သေးတယ်။ (၆)တန်းမှာ ငါးယောက်ပြိုင်တာ တတိယရတာလေ (တော်တယ်မလား ဟိဟိ) သို့သော်လည်း နောက်ဆိုရင်တော့ ကျပန်းစကားပြောပွဲဆိုရင် ၀င်မပြိုင်ဖြစ်တော့ပါဘူး။

ဆက်လက်ဖော်ပြပါမည်။

No comments: